ကဗျာ
Sunday, November 1, 2009
ကမ္ဘာပျက် ကမ္မဌာန်း
လူတွေအားလုံး
ပုခုံးပေါ်က အိမ်စာ တွေကိုချ
နေ့ရွှေ့ညရွှေ့ ဆန္ဒတချို့ကို
ခဏလေးဖြစ်ဖြစ် အကောင်အထည်ဖော်ခွင့်ရဖို့ 
ကမ္ဘာပျက်ဖို့ ကိုပဲ ဆုတောင်းပေးရတော့မလိုလို…
သြော်…လူဆိုတာ
မလွန်ဆန်နိုင်တဲ့ အခြေအနေတွေအောက်မှာ
ကိုယ့်စိတ်ကိုယ် ခဏခဏ
သစ္စာဖောက်ဖောက်နေကြရတဲ့ သတ္တဝါတွေပါလား။
စိတ်ကို ထိန်းချုပ်သင့်တယ် ဆိုပေမယ့်လည်း
ချွန်းအုပ်လိုက်ရသမျှ စိတ်တိုင်းဟာ
ဆင်ရိုင်းတော့ မဟုတ်ခဲ့ပါဘူး။
တခါတခါဆို
အခြေအနေတွေကို ငဲ့ပြီး
ချိုးလိုက်ရတဲ့ အညွန့် လေးတွေထဲမှာ
အပြစ်ကင်းတဲ့ စိတ်ကူးလေးတွေနဲ့ 
ချစ်ခြင်းရဲ့  ‘အရိပ်ဦး’လေးတွေတောင် ပါသွားတတ်တယ်။
ပညာရှိတယောက်ကတော့ ဆိုတယ်။
သင်ဟာ သင်ပီသဖို့ နဲ့ 
ရလာသမျှ စက္ကန့် တိုင်းကို တန်ဖိုးထားတတ်ဖို့ 
နေနေရတဲ့ နေ့ တိုင်းကို
နောက်ဆုံးနေ့ လို့ သဘောထားဖို့ လိုသတဲ့။
အဲဒီ့ အဆိုကို
အပြည့်အဝ မထောက်ခံလို ပေမယ့်
တခါတခါ…ကိုယ့်သတိ ကိုယ်ပြန်နှိုးဖို့ 
အဲလို ကမ္မဌာန်းမျိုးတော့ လိုမယ်ထင်တယ်။
တကမ္ဘာတည်းစီး တခရီးတည်းသွားတို့ ရေ…
တန်ဖိုးဆိုတာ ဆုံးရှုံးသွားမှ သိတတ်တာမို့ 
စိတ်ကူးလေးနဲ့ ခဏလောက် ရင်ဆိုင်ကြည့်ကြရအောင်။
စိတ်တံခါးကိုသာဖွင့်ထားလိုက်…
အခက်ဆုံးအခြေအနေမှ
မျက်လုံးတွေက
ပိုပြီးမြင်တတ်တာ။
ယုံပါတယ်
ငါတို့ အရည်အသွေးတွေဟာ
အခက်အခဲတွေနဲ့ သွေးပေးမှ
ပိုတောက်ပြောင်လာလိမ့်မယ် ဆိုတာ။
ကောင်းကင်ကို
လိုင်စင်ရ သူခိုးကြီးများ
အသိတရားမရှိတဲ့
လူသားတွေလက်ညိုးထိုးပြပါဆိုရင်
ခင်များတို့ အုပ်စုက အရင်ဘဲ။
အမှန်ပြောသူဆိုထောင်ဒဏ်
အမှားပြောတတ်တဲ့ သူတွေကိုမှ လက်ခံတဲ့ အဖြစ်
စနစ်ဟောင်းကြီးတခုလုံးကိုက
အရင်အတိုင်းလည်ပါတ်ခဲ့ တာ စိတ်မပါလည်းဆရာခေါ်ရ
ဘာဆရာရယ်တော့မသိ
အဖားကောင်းမှ အစားကောင်းစားရမယ်ဆိုရင်
ကျွန်တော်ဆိုတဲ့ ကောင် အရင်သေမှာ။
လူမှာကတိ မင်းမှာသစ္စာဆိုတဲ့စကား
ဗမာပြည်မှာတကယ်မှားတယ်။
ပါးစပ်ကဘုရားဘုရား
လက်က ခါးကြားက ဗြောက်တိုသာ တရားမှတ်တဲ့
လူ့ မိစ္ဆာ ငနွားတွေ မှားပြီးရင်မှား
ငရဲတခါးတွေ ကြိုးစားဖွင့်နေကြလေရဲ့ ။
လင်သေမုဆိုးမ အိမ်တလုံးလို
တရုတ် ရုရှား ကုလားတွေက
အခွင်းကောင်းတခါးရှာရင်း
ဝင်ဖြဲဖို့ ကြိုးစားကြသူတွေကို မှ ဘုရားမှတ်
ခွေးလောက်အသိစိတ်ဓါတ် မရှိသူတွေ
ပြည်သူ့ ဘဏ္ဌာတွေ သူခိုးဈေးနဲ့ ရောင်းစားနေကြတယ်။
လာပြန်ပြီ အရှက်မရှိတဲ့ လက်မဲမဲတွေနဲ့ 
စစ်မှန်တဲ့  ၂၀၁၀ ရွေးကောက်ပွဲပါတဲ့ 
နောက်တခေါက် ကောက်ကျစ်ခဲ့ သူတွေက
ဦးဆောင်ကျင်းပမယ့် 
မြန်မာ့နည်း မြန်မာ့ဟန်ဒီမိုကရေစီ။
ဆုပ်လည်းစူး စားလည်းရူး
ကိုယ့်သေတွင်းကိုယ်တူးရမယ့်စနစ်
ခေတ်တခုနဲ့ ကျန်ရစ်မယ့်
သမိုင်းစာမျက်နှာတခုမှာ
စစ်အာဏာရှင်တွေ ထိပ်ကပါတဲ့ အထဲ
ခင်ဗျားတို့ စာရင်းဟာလည်း ကန့် ကွက်မဲ မရှိ
နေရယူထားပါတယ်။
Tuesday, July 28, 2009
ငါသုံးငါ
အတိတ်ဘဝကငါ…..
အခုရုပ်နဲ့မဟုတ်ခဲ့တဲ့ငါ
အခုစိတ်နဲ့ လည်း မဟုတ်ခဲ့တဲ့ငါ
သူစိုက်ပျိုးခဲ့သမျှ ဒုက္ခ
ငါရိတ်သိမ်းနေရ။
နောက်ဘဝ ဖြစ်မယ့်ငါ
ဝှက်ဖဲ တချပ်ဖြစ်နေတဲ့ငါ…..
အခုရုပ်နဲ့ မဟုတ်တော့မယ့်ငါ
အခုစိတ်နဲ့ မဟုတ်တော့မယ့်ငါ
ငါမမှတ်မိတော့မယ့် ငါမှာ
ငါနဲ့ တူတာ ဘာကျန်ဦးမလဲ။
သေချာမမြင်နိုင်သေးတော့လည်း
နောက်ဘဝငါဆိုတာ တခြားတယောက်လိုပဲ။
အခုလက်ရှိငါ
ငါသန်းပေါင်းများစွာထဲက ငါပေါ့
ငါက…
အခုရေတွင်းတူးရင် အခုရေကြည်သောက်ရမှ ကျေနပ်တတ်တယ်။
ငါက
ညောင်ပင်ရမရ မသေချာတိုင်း ညောင်စေ့လေးကို နှမြောတတ်တယ်။
ငါက
တသောင်းလှူချိန်မှာ နောက်ဘဝဆိုတာကိုသတိရပြီး
တသိန်းလိမ်ချိန်မှာ နောက်ဘဝဆိုတာကို မေ့ထားတတ်တယ်။
ငါက
အပေးအယူလေးနဲ့ မှ
ပြေးကူဖေးမ လေ့ရှိတယ်။
ဖောင်စီးဆဲ ရေငတ်နေတဲ့ငါပေါ့
အမှောင်ကြီးထဲ နေတတ်နေတဲ့ငါ။
လူ့ စိတ်ဆိုတာကလည်း
အချိန်နဲ့ အမျှပြောင်းနေတဲ့
အီကွေးရှင်းတကြောင်းလား?
မကောင်းတာလုပ်ဖို့ လွယ်နေတဲ့အချိန်မှာ ငါက ငရဲကိုမေ့တယ်။
ကောင်းတာလုပ်ဖို့ ခက်နေတဲ့အချိန်မှာ ငါက နတ်ပြည်ကိုမေ့တယ်။
ငါက
အကောင်အထည်ဖော်နိုင်ခွင့်သိပ်မရှိတဲ့ အချိန်တွေကျ
တခါသုံးမေတ္တာတွေကို နှုတ်ခမ်းလေးလှုပ်ရုံပဲထုတ်တယ်။
လက်တွေ့ ဖြည့်ဆည်းပေးရမယ့် အချိန်ကျ
ငါ့လက်ဖဝါးမှာ မေတ္တာတွေခန်းနေတတ်တယ်။
ဒီလိုနဲ ငါဟာ
အဖိုးတန်ရတနာတွေကို
တကန့် စာ မီးခံသေတ္တာထဲမှာ သိမ်းထားလိုက်ပြီး
နံနက်ခင်းတချို့ မှာ စိတ်ဖြေရုံပဲ ထုတ်ကြည့်နေခဲ့။
ရေရဲ့ ပြင်ပမှာ မနေနိုင်တဲ့ငါးတွေလို
ကြိုးတွေရဲ့ ပြင်ပမှာ မနေနိုင်တဲ့ငါက
ယောနသံစင်ရော်လိုလည်း ပျံချင်ခဲ့တယ်။
တကယ်လို့ 
ခုချက်ခြင်း ဆုတောင်းတွေ ပြည့်မယ်ဆိုရင်တောင်
ခုချက်ခြင်း ကြိုးတွေကို ငါဖြတ်ရဲပါ့မလား။
နောက်ဆုံးတော့….
အမှုတရာနဲ့ 
အခုငါကို
စာတကြောင်းတည်းနဲ့ ပြောရရင်
ငါဟာ
ဗြောင်းဆန်အမှားတွေနဲ့ 
ပြောင်းပြန်သွားနေတဲ့ ရထား။
ကောင်းကင်ကို
Free bird towards a free Burma
My home…
where I was born and raised
used to be warm and lovely
now filled with darkness and horror.
My family…
whom I had grown with
used to be cheerful and lively
now living with fear and terror.
My friends…
whom I shared my life with
used to be pure and merry
now living with wounded heart.
A free bird…
which is just freed
used to be caged
now flying with an olive branch
for the place it loves.
A free bird towards a Free Burma.
Aung San Suu Kyi
ခေါက်ရိုးကျိုးနေတဲ့ဇောက်ထိုး
မှတ်ချက်။ ပဉ္စမမြောက် အပိုဒ်မှာ “ရယ်”ကို “ရီ” လို့ ကာရန်ညီအောင် တမင်စာလုံးပေါင်းထားပါတယ်။
ခေါက်ရိုးကျိုးနေတဲ့ဇောက်ထိုး
အမှန်တရားက ချွေးသုတ်နေတုန်းမှာ
အကြံသမားက သွေးစုပ်နေတုန်း။
ခေတ်ကြီးကိုက
ဓမ္မတွေကို သေနတ်နဲ့ နားထင်ပေါ်ထောက်
ဓားပြတွေ အမှတ်တမဲ့ စင်ပေါ်ရောက်တဲ့ခေတ်။
လူကြီးတွေကအစ
ငါးပါးသီလကျတော့ မပြတ်အော်ပြီး
စားဖားဗီဇရှိမှ သားမက်တော်ချင်ကြတယ်။
မကြိုးစားပဲနဲ့ လူကြားထဲ ဆံ့ချင်သလား
မရိုးမသားနဲ့ မုသားပဲ ဖြန့် ချင်သလား
ဒီလိုအင်တာနက် ခေတ်ကြီးထဲမှာ
အလစ်မှာ မရှက်မကြောက်စိတ်နဲ့ 
clickကာ တချက်လောက် နှိပ်လိုက်ရုံပဲ။
ကြိုးစားမှု သီအိုရီကို
သူခိုးအများစုက ဒီလိုရီသတဲ့။
“မင်းတို့ ဖိနပ်စီးနေတုန်းမှာ
ငါတို့ က ကမ္ဘာတပတ် ပတ်ပြီးပြီတဲ့”
အဲဒီ့စကားပုံက တခါတခါ သွေးပျက်လောက်အောင်မှန်တယ်။
ဒီလိုနဲ့ ငါ
ခံစားသမျှ ထွေးထုတ်
အဆန်သမားက စတေးလုပ် နေတုန်းမှာ
ဖျံသမားက ပြေးရှုပ်နေတုန်း
အမှန်တရားက ချွေးသုတ်နေတုန်းမှာ
အကြံသမားက သွေးစုပ်နေတုန်း။
ကောင်းကင်ကို
http://kaungkinko.myanmarbloggers.org/
မိခင်၏ နှောင်ကြိုးကိုဖြေပါအံ့
သည်းစွာသောအနာတို့ ကို ကုစားပါအံ့
သမီး၏လုံ့ လ ၀ီရိယဖြင့် နာလန်ထူပါစေအံ့
မွေးကျေးဇူးကို မသိတတ်သော
ထိုသူတို့ အား
သိနားလည်အောင် ဆွဲဆောင်နိုင်စွမ်းကို
သမီးအားပေးပါလေ…
တွေ့ ရအံ့သောဘေးရန်တို့ ကို
သမီထီမည်မဟုတ်….
တဘ၀တွင်တခါသာသေရသည်ဖြစ်၍
အဘယ်နည်းနှင့်သေရသည်ဖြစ်စေ
သမီး၌မထူးခြား
သမီး၏စိတ်ကူးတို့ သည်
အကယ်အဖြစ်သို့ ရောက်သောအချိန်တွင်
အသင်တို့ သည်လည်းပျော်မြူးကြရမည်…
အခြားအခြားသောသူတို့ ၏
ရှုပ်ချခြင်း
ကဲ့ရဲ့ခြင်း
မုန်းတီးရွံရှာခြင်း
နာမည်ဖျက်ခြင်းတို့ ကို
သမီးအလျဉ်းဂရုမပြု
မိခင်ထံမှဒါငါ့သမီးဟူသော
ကျူးရင့်သံကိုသာ တောင်းတပါ၏…
လောကတွင်မိခင်၏ကျေးဇူးကို
အသိတတ်ဆုံးသမီးဖြစ်ရပါလို၏။ ။
အောင်ဆန်းစုကြည်
ရင်ထဲက အမေ
အမေဟာ…
ဝါးလုံးခေါင်းထက်တောင် ကျဉ်းတဲ့
စစ်ဖိနပ် အတွင်းမှာ
မရမက သာပေးရှာတဲ့ လမင်း။
အမေဟာ…
ဒဏ်ရာတွေကို ကြိုးအဖြစ်တပ်ပြီး
ကမ္ဘာတုန်အောင် မြည်တဲ့သီချင်း။
အမေနေပြခဲ့တဲ့ အတ္ထုပ္ပတ္တိနဲ့  သားတို့ သတ္တိတွေကို ဆူပွက်နေအောင် နှိုးထားတာ။
အမေပြောခဲ့တဲ့ စကားတွေနဲ့ သားတို့ သွေးတွေကို နီရဲနေအောင် ဆိုးထားတာ။
အမေ့ရင်ထဲက ကဗျာ တစ်ပုဒ်ဆွဲထုတ်
ဓားတစ်လက်လုပ်ပြီး
အဲဒီ့ မိစ္ဆာတောအုပ်ကို သားတို့ ခုတ်ကြမယ် အမေ။
သွေးဆာနေတဲ့ဘီလူးတွေက
စံမမီတဲ့ သူတို့ ဘဝလှေနံမှာ
အာဏာကို အောင်မြင်မှု အဖြစ် တရားသေ ဓားထစ်နေချိန်မှာ
အမေကတော့ ကရုဏာ နှလုံးသားနဲ့ 
ပြည်သူ့ ငိုသံကို နားစွင့်တယ်။
အမေဟာ တက္ကသိုလ်ရိပ်သာလမ်းထဲမှာ လှောင်ထားခံရတဲ့ ငှက်ကလေး တစ်ကောင်၊
ပျံခွင့်မရတဲ့ ငှက်အားလုံးတို့ ရဲ့ ခေါင်းဆောင်ပေါ့။
အမေက ပျံခွင့်မရပေမယ့် အမေ့နာမည်ကတော့ ဟိုး…ကောင်းကင်ဖျားမှာပျံနေတယ်။
အမေ့ နာမည်တစ်လုံးကို ပြည်သူတွေအတွက် အမေသုံးချင်နေမှာပဲနော်။
ပြည်သူ့ မေတ္တာတွေသာ ပန်းပွင့်လေးတွေဖြစ်မယ်ဆိုရင်
ပြည်သူတိုင်းက ပန်းပွင့်တစ်ပွင့်စီပေးလို့ 
အမေ့ ဘဝဥယျာဉ်မှာ ပန်းပွင့်လေးတွေနဲ့ ပြည့်နေလောက်ပြီ။
အဲဒီ့ ပန်းရနံ့ တွေပေါ့။
သူတို့ မလိုတမာစိတ်နဲ့ ဘယ်လိုဖုံးဖုံး
ကမ္ဘာတစ်ခုလုံး မွှေးနေတာ။
မိစ္ဆာတွေကတော့
သေနတ်ကို မလွှတ်တမ်းကိုင်ပြီး
မီးလောင်နေတဲ့ ကုလားထိုင်တွေပေါ် အတင်းတက်ထိုင်နေကြတယ် အမေ။
အဲဒီ့ မိစ္ဆာတွေပေါ့၊
သူရဲဘော ကြောင်လိုက်ကြတာ။
အမေ့ကို ရင်မဆိုင်ရဲလို့ ၊
အမေ့ကို မယှဉ်ပြိုင်ရဲလို့ 
အမေ့ကိုသီးခြား ခွဲထုတ်
အမေ့စာမျက်နှာတွေကို သမိုင်းထဲက အတင်းဆွဲစုတ်လည်း
အမေ့ ပုံရိပ်တွေက သားတို့ အသည်းထဲမှာ
စုတ်နဲ့ ထိုးထားသလို စွဲပြီးသား။
ဘယ်သူတွေ ဘယ်လို ပြောပါစေ
အမေဟာ အမေဖြစ်နေသေးသရွေ့ 
သားတို့ ချစ်နေမယ်။
ရင်ထဲမှာ အမေ အမြဲရှိနေမယ်။
ခုချိန်မှာတော့ အမေဟာ ….
ကျဆုံးခဲ့တဲ့ ရင်သွေးတွေအတွက်
အမေ့အိမ်လေးထဲမှာ တိတ်တိတ်ကလေး ငိုနေမလား။
ဒါမှမဟုတ် ဒုက္ခပင်လယ်ဝေနေတဲ့ ရင်သွေးတွေအတွက်
ဆုတောင်းမေတ္တာတေးသီချင်းတွေကို တိတ်တိတ်ကလေးဆိုနေမလား။
အမေ့ရဲ့  အကြင်နာလက်နဲ့ 
သားတို့ နေတဲ့ ပုခက်လေးကို
ညင်သာစွာ လွှဲပေးမယ့် နေ့ ရက်တွေကို မျှော်နေမယ်။
အမေဟာ ကျွန်တော်တို့ အားလုံးရဲ့ ကောင်းကင်
အမေ မိုးမယ့် နေ့ တွေဆီကို သားတို့ အားလုံး ရောက်ချင်လှပြီ။
အမေဟာ ကျွန်တော်တို့ အားလုံး ရဲ့ မိခင်
အမေပျိုးမယ့် ဥယျာဉ်ကို သားတို့ အားလုံး ကြည့်ချင်လှပြီ။
to down this poem click here
ကောင်းကင်ကို
အငို ဒုက္ခ တိုင်းပြည်
လိုသလို ပုဒ်မ ချလို့ ရတဲ့
အငို ဒုက္ခ တိုင်းပြည်မှာ
မိစ္ဆာတွေ ဘုရင်လုပ် နေသည်။
လိပ်ပြာတွေကို နှင်ထုတ်နေသည်။
သွေးညှီနံ့တွေနဲ့  ချဉ်စုတ် နေပြီ။
လူတွေအားလုံး ရင်ရှုပ် နေသည်။

တက္ကသိုလ်များ လယ်ကွင်းထဲသို့ ပြောင်းသွားလေပြီ။
ဘွဲ့ ရတစ်ယောက် အလုပ်မရ၍ ခေါင်းစားနေသည်။
သူတောင်းစားတို့ ကျ ကောင်းစားနေသည်။
အိတ်ကပ်ကြီးတွေ ဖောင်းကားနေသည်။
တိုင်းပြည်ကြီးကို တညီတညွတ်ထဲ ရောင်းစားနေပြီ။
ယတြာတွေချေပြီး မန်းမှုတ်နေပြီ။
သံဃာတွေကိုတောင် ဝရမ်းထုတ် နေပြီ။
အလှူရှင်တွေ မရှောင် ဖမ်းချုပ်နေပြီ။
လူမဆန်စွာ ကြမ်းကြုတ်နေပြီ။
ဖြုတ်ဦးနှောက်တွေနဲ့ ..အရမ်း..လုပ်နေပြီ။
သူတို့ ခေါင်းထဲ..သွားမကြည့်နဲ့ ..ဘာမှမရှိဘူး..အဟောင်းသား။
လူတွေလည်း..တွေးလာကြတယ်..တစ်ရွာပြောင်းရင်..ကောင်းမလား။
ဒီလိုနဲ့ ပဲ..မိသားစုတွေ..မဆုံဆည်းနိုင်လောက်အောင်..ချောင်းခြား။
ဘဝနဲ့ ရင်းပြီး..ကြိုးစားတာတောင်.. မရေရာတဲ့ …လောင်းကစား။
ဒါတွေဟာ.. အမေတစ်ကွဲသားတစ်ကွဲ.. ဖြစ်နေရတဲ့.. အကြောင်းများ။
ရင်ထဲကို.. သောကငှက်တွေ.. ကျူးကျော်လာတာတောင်.. မမောင်းအား။
သူငယ်ချင်းတစ်ချို့  အလုပ်ရှာဖို့ ..စင်ကာပူကို ထွက်နေကြတယ်။
အလုပ်မရရင် သိန်းနှစ်ဆယ်လောက်.. ရှုံးပြီဆိုတော့ မျက်ရည်ကျမယ်။
ကြိုးစားကြည့်လိုက်မှ ပိုဆိုးသွားတတ်တာ.. ဒီခေတ်ဆိုးရဲ့ သက်သေတစ်စပဲ။
ကမ္ဘာက သာမန်လူတွေနဲ့ ငါတို့ ကာရန်တူရုံလေးတောင်.. ဘာလို့ ဒီလောက်အထိ ခက်နေရသလဲ။
မြေညီထပ်လေး ရောက်ဖို့ တောင်.. ကိုယ့်စိတ်ဓာတ်ကိုယ်.. လှေကားလိုနင်းပြီး.. တက်နေရဆဲ။
ဆန္ဒခံယူပွဲ အတုကြီးနဲ့ လည်း ကမ္ဘာကိုတောင် နားလှည့်ပါးရိုက်။
မသူတော် အချင်းချင်းကျတော့ အိမ်နီးချင်းကောင်း ဆိုတဲ့ စကားနဲ့ ဖားလိုက်။
သူငယ်ချင်းတို့ ……သူတို့ မျှားလာတဲ့ ငါးစာတွေကို မစားနဲ့ …ထားလိုက်။
အသိဥာဏ် မရှိတဲ့ ခွေးသူခိုးတွေဟာ
ခြောက်ဆယ့်နှစ်တုန်းကထက်လည်း သွေးဆိုး နိုင်တယ်။
နောင်တစ်ချိန်မှာ ဘုန်းကြီးကျောင်းတွေကို ဒိုင်းနမိုက်နဲ့မဖောက်ဘူးလို့ ဘယ်သူပြောရဲသလဲ။
ကမ္ဘာ့မြေပုံကြီးထဲက သွေးကွက်လေး တစ်ကွက်ရဲ့ ကံကြမ္မာကို ဘယ်သူဟောရဲသလဲ။
သူငယ်ချင်း…
မင်း..အေးအေးဆေးဆေးနေလို့ လည်း ဒီဂယက်က လွတ်မယ်မထင်နဲ့ ။
မိစ္ဆာတွေ မဆင်းမချင်း ဒီဝဋ်က ကျွတ်မယ် မထင်နဲ့ ။
ဝန်နဲ့ အားမမျှတဲ့ မင်းစီးလာတဲ့ဒိုင်နာဟာ အချိန်မရွေး လမ်းချော်မှောက်သွားနိုင်တယ်။
ကပ်တစ်ခုစိုက်လိုက်တာနဲ့ မင်းဘဝက အချိန်မရွေး လမ်းပေါ်ရောက်သွားနိုင်တယ်။
တိုင်းပြည်ကို ခြယ်လှယ်နေတဲ့ ဘုရင်တစ်အုပ်ဟာ
အစိုးရနာမည်ခံထားတဲ့ မစင်တစ်ထုပ်ပါ
ပြည်သူတွေကလည်း သူတို့ ထင်သလို အချဉ်မဟုတ်ပါ။
ဒီလိုနဲ့ မခံချင်စိတ်တွေ ငလျင်ခဏခဏလှုပ်
သူတို့ တွေရဲ့  ပလ္လင်ခဏခဏလှုပ်လည်း
အခုထိမပြုတ်သေးတော့
တစ်ယောက်တည်းတွေးရင်း ရင်ရှုပ်
ပေါက်ကွဲမှုတွေကို ကဗျာအဖြစ် အပြင်ထုတ်လိုက်တယ်။
ဒုက္ခတွေနဲ့  ရှုပ်ပွနေတဲ့ စိတ်ဓာတ်ခြွေ ပြောင်းပြန်ကမ္ဘာထဲ
လဲကျတိုင်းသာ ပုလဲခနေရင် မျက်ရည်တွေသာ ချောင်းလျှံလာမယ်။
အကျိတ်အခဲတွေ စိတ်ထဲမှာ သိပ်သည်းကာ ဗြောင်းဆန်လာတယ်။
စကားလုံးတွေ ကြမ်းသွားမိခဲ့ရင် ကဗျာဖတ်သူကို တောင်းပန်ပါတယ်။
ရေးသူ ကောင်းကင်ကို
ကောင်းကင်ကို ဆိုက် ကိုလည်ပါတ်ချင်ရင်တော့ <a href=”http://kaungkinko.myanmarbloggers.org
နှစ်ယောက်တည်း ပြောခဲ့မိတဲ့စကား
တကမ္ဘာလုံး ကြားသွားသတဲ့။
ခြောက်လှန့် နေတဲ့ စာရင်းရှည်
အမှောင်ခိုပြီး လုပ်ခဲ့မိတဲ့ပုံရိပ်များ
ခေတ်လွန် ကိရိယာများနဲ့ 
ပြန်ဖမ်းကြည့်လို့ ရသတဲ့။
ခလုတ် တချက်နှိပ်လိုက်ရုံနဲ့ 
အားလုံးပြန်သိနိုင်တယ်။
လေထုထဲမှာ
ငါထုတ်ပြောခဲ့တဲ့ အသံတွေရော၊ ငါထုတ်မပြောရဲတဲ့အသံတွေပါ
လှိုင်းတွေအဖြစ်လျှံနေတယ်။
လေထုထဲမှာ
ငါထားခဲ့မိတဲ့ စိတ်တွေ၊ ငါမှားခဲ့မိတဲ့ အတိတ်တွေ
မပေါက်ကွဲသေးခင် အိပ်နေတယ်။
တူးဖော်ကြတော့မယ်…သမိုင်းထဲက ဇာတ်ကောင်တွေကို အရှိအတိုင်း
ထုတ်ဖော်ကြတော့မယ်….
ဂုဏ်သိက္ခာတွေကို ဝတ်လစ်စလစ်….
အတုအစစ် ခွဲခြားဆန်းစစ်ကြတော့မယ်။
တွေ့ ကြတော့မယ် ဗယ်ပြပြီးညာချိုးခဲ့တာတွေ
တွေ့ ကြတော့မယ် အစွယ်ပြပြီး ငါဆိုးခဲ့တာတွေ။
အဲဒီ့အချိန်ဟာ ပြောသမျှ အဟုတ်လိုက်ထင်ကြမယ့်ပုတ်သင်ခေတ်လည်း မဟုတ်တော့
အဲဒီ့အချိန်မှာ ခြိမ်းခြောက်ဖုံးဖိလို့ လည်း မရတော့။
အဲဒီ့အချိန်မှာ ငဲ့ညှာလျှို့ ဝှက်ပေးကြမှာလည်း မဟုတ်တော့။
လူပီသရုံ အမှားတွေနဲ့ 
ဘောင်ကျော်သွားတဲ့ အမှားတွေကြားမှာ
ဘဝနဲ့ ရင်းပြီး စိုက်ပျိုးခဲ့ရတဲ့ အပင်တွေပါ
တပင်ပြီး တပင်လဲ
တုန်နေတဲ့ လက်ထဲမှာတော့
ကိုယ် ကိုယ်တိုင်တောင် ပြန်မကြည့်ရဲတဲ့စာရင်းရှည်ကြီးနဲ့။
သြော်…
ကိုယ့်ကိုယ်ကို ခြောက်နေတဲ့ တစ္ဆေတကောင်
ကယောင်ကတမ်းနဲ့  အတွေးတွေ မစဲ
အိပ်မက်ထဲမှာတောင် ချွေးတွေရွှဲနေတော့တယ်။
21 st Century…. (IN MYANMAR)
Our communication – Wireless
Our dress – Topless
Our telephone – Cordless
Our cooking – Fireless
Our youth – Jobless
Our food – Fatless
Our labour – Effortless
Our conduct – Worthless
Our relation – Loveless
Our attitude – Careless
Our feelings – Heartless
Our politics – Shameless
Our education – Valueless
Our follies – Countless
Our arguments – Baseless*
Our boss – Brainless*
Our Job – Thankless*
Our Salary – Very less*
ကဗျာမာန
ဟေ့..ဒီမှာ…ငါက
ကိုယ့်လမ်းကိုယ်ရှင်း
ကိုယ့်ပန်းကိုယ်ခင်း
ကိုယ့်ငြမ်းကိုယ်နင်း
ကိုယ့်အစွမ်းနဲ့ ကိုယ်လင်းခဲ့တာ။
ဟေ့ ဒီမှာ…ငါက
ကိုယ့်ကြမ္မာကိုယ်ရွေး
ကိုယ့်ကမ္ဘာမှာ ကိုယ်ပြေးရင်းက
ကိုယ့်အနာကိုယ်ဆေးဖို့ 
ကိုယ့်ကဗျာ ကိုယ်ရေးခဲ့တာ။
အနုပညာခရီးတလျှောက်မှာလည်း ငါက
ကိုယ့်မိတ်သဟာနဲ့ ကိုယ်တွဲ
ကိုယ့်သိက္ခာနဲ့ ကိုယ်ဝဲ
ကိုယ့်လိပ်ပြာနဲ့ ကိုယ်ရဲခဲ့တာ။
အနာတွေ ညှစ်ရင်
ကဗျာတွေ ဖြစ်တယ်လို့ ငါယုံကြည်တယ်။
ငါက
ကိုယ့်စည်းကိုယ်စောင့်
ကိုယ့်အသီး ကိုယ်ကောက်
ကိုယ့်ခရီး ကိုယ်လျှောက်ရင်းက
ကိုယ့်မီးနဲ့ ကိုယ် တောက်ခဲ့တာ။
ငါက
ကိုယ့်ဥာဏ်ကိုယ်ဖွင့်
ကိုယ့်ဈာန်ကိုယ်မြှင့်ပြီး
ကိုယ့်အလံကိုယ်လွှင့်ခဲ့တာ။
ငါဟာ
ကိုယ့်ညာဉ် ကိုယ့်အစွဲနဲ့ 
ကိုယ့်ဂျင်ကိုယ်မဲ…
ကိုယ့်ရင် ကိုယ်ခွဲပြီးတော့တောင်
ကိုယ့်ပလ္လင်ကိုယ်ဆွဲခဲ့ရတာ။
ငါဟာ
ကဗျာတစုကို
ကမ္ဘာတခု ထင်နေမိသူပေါ့
အခုတော့…ငါ…
အနာတခုဝင်ခို လာတဲ့ ကောင်းကင်ကိုဟာ
ကဗျာဥယျာဉ်ကို တော့ ပေါင်းသင်လိုတယ်။
မြတ်နိုးလွန်းလှတဲ့ ကဗျာကိုလည်း
အရွယ်အို နှစ်တရာအထိ
တကယ်ကို သစ္စာရှိနေမယ်
ရုပ်ပျက်ဆင်းပျက် တိုက်တန်းနစ်
ဒီလမ်းဟာ
ငွေနဲ့ မဝေးပေမယ့်
အမေနဲ့ တော့ ဝေးတယ်။
ဒီလမ်းဟာ
ဒေသသစ်မှာ အခြေချခွင့်နဲ့ နီးပေမယ့်
ကိုယ့်လိပ်ပြာနဲ့တော့ ကိုယ်ပြန်ဝေးတယ်။
ဟိုဘက်ကမ်းမှာ ဘဝ
ဒီဘက်ကမ်းမှာ အလှတဲ့
ဘဝနဲ့ အလှကြားမှာ
ခေါင်းမကျ ပန်းမကျ
အနည်ကျဖို့ ကြိုးစားနေရတဲ့ ဘဝတွေလည်း ရှိပါတယ်။
ဒီလမ်းဟာ
ဖြောင့်တန်းပေမယ့်
အရိပ်မရှိတော့ ပိုဝေးတယ်။
ဒီဘက်ခြမ်းမှာ
အသိုက်တခုကိုရွေး
စက်ရုပ်တရုပ်လို ကိုယ်ပြေးမယ်။
သြော်…ဒီလိုနဲ့ 
ကမ္ဘာဆိုတဲ့ မြစ်ထဲမှာ
မကြည့်ရက်စရာ နစ်နေတဲ့အဖြစ်
ရုပ်ပျက်ဆင်းပျက် တိုက်တန်းနစ်ကို
အဝေးကပဲ ချစ်လိုက်ရတယ်။
ကောင်းကင်ကို