ဆောင်းပါး
အဆုံးသတ် ကံမြင့်ချိန်
ဆောင်းပါးရှင် – သိုးထိန်း (တပ်မတော် အရာရှိ တစ်ဦး)
ယနေ့ စစ်အစိုးရအုပ်ချုပ်သော စစ်အာဏာရှင် လက်အောက်မှ မြန်မာ ပြည်သူ ပြည်သား များသည် ကျီးလန့်စာစား ဘ၀ကို ရုန်းကန် ဖြတ်သန်းနေကြရသည်။ ခေတ်တစ်ခေတ်၏ မင်းကောင်း မင်းဆိုးအပေါ်တွင် အဓိက အကျိုးအမြတ် ခံစားနေရသည်မှာ ပြည်သူတွေသာ ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာ ပြည်သူများခမျာ မင်းဆိုးမင်းညစ်တွေကြားမှာသာ ကျင်လည်ကြီးပြင်း နေခဲ့ကြရသည်မှာ ကံဆိုးလှပေသည်။ ဘယ်သောအခါမှ မင်းကောင်း မင်းမြတ် ပေါ်မည်နည်း။ ယနေ့ခေတ် ကာလကတော့ဖြင့် မင်းဆိုးမင်းညစ်တို့၏ တန်ခိုးအာဏာ အကြီးထွားဆုံး အချိန်ကာလ ဖြစ်ပေသည်။
ပြည်သူတွေခမျာ တံတားဆောက်လို့ အိမ်ဖယ်ပေးလိုက်ရပြန်ပြီ။ တပ်မြေမို့လို့ လယ်တွေ၊ ယာတွေ အသိမ်းခံလိုက်ရပြန်ပြီ၊ မိရိုးဖလာ လုပ်လာသော လယ်မြေတွေကို ပိုင်ရှင်အတိအကျ မပြနိုင်၍ တပ်ပိုင် အသိမ်းခံ လိုက်ရပြန်ပြီ စသည်….စသည်ဖြင့် ဒုက္ခ တွေ ပင်လယ်ဝေကာ ပြည်သူတွေ အတိဒုက္ခ ရောက်ကြသည်မှာ သနားစရာပင် မြင်တွေ့နေရသည်။
အဲ့ဒီလို ဖြစ်စဉ်တွေအတွက် ဖြေသာစရာ အကြောင်းအရာလေးတစ်ခု မြန်မာပြည်သူများကို ပြောပြချင်သည်။ ယနေ့ စစ်အစိုးရလက်ထက်တွင် လူသားများသာ မဟုတ် နတ်ဒေ၀တာများပါ မကျန် နေစရာ နေရာမရှိသည်ကို ယုံကြည်မည် လားမသိ။ ပြည်သူတွေ အားမငယ်ကြပါနဲ့၊ နတ်ဒေ၀တာတွေပင် နေစရာ ခဏခဏ အသိမ်းခံရလို့ ပြဿနာတွေ ဖြစ်ခဲ့ဘူးပါသည်။
ယခုဖော်ပြမည့် ဖြစ်စဉ်လေးသည် ကျွန်တော် တက်ရောက်ခဲ့သော စစ်တက္ကသိုလ်တွင် အမှန်တကယ် ဖြစ်ပျက်ခဲ့သော ဖြစ်စဉ်လေး ဖြစ်သည်။ ၎င်းဖြစ်စဉ်တွင် သိပ္ပံနည်းအရ လက်ခံဖွယ်ရာ မရှိသော သဘာဝလွန် ဖြစ်ရပ်များ ပါဝင်နေပေသည်။ ကျွန်တော်ကိုယ်တိုင်က စစ်သားလည်းဖြစ်၊ ယင်းသဘာဝလွန် ဖြစ်ရပ်များကိုလည်း မကြုံခဲ့ဖူး၍ မယုံကြည်ခဲ့ချေ။ သို့သော် ကိုယ်တိုင်ကြုံခဲ့ရသော ယင်းဖြစ်စဉ်လေးမှာတော့ ယုံရမလိုပင် ဖြစ်ခဲ့သည်ကို ၀န်ခံရပေမည်။
စစ်တက္ကသိုလ်သည် ယခင်က တပ်ရင်းတစ်ရင်းသာ ရှိသည်။ ကျွန်တော် စစ်တက္ကသိုလ်ရောက်တော့ တပ်ရင်း(၂)ရင်း ဖြစ်နေချေပြီ။ တပ်ရင်း(၁)နဲ့ တပ်ရင်း(၂)။ အသစ် တိုးချဲ့ထားသော တပ်ရင်း(၂)သည် ယခင်က တောအုပ်ကြီး၊ ၎င်းတောအုပ်ကြီးကို ခုတ်ထွင် ရှင်းလင်းပြီး တပ်ရင်း(၂) ကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ကျွန်တော်က တပ်ရင်း (၁)မှ ဖြစ်သည်။ ကျွန်တော် Final year ရောက်တော့ တပ်ရင်း(၃) ကို တိုးချဲ့ တည်ဆောက်သည်။ ၎င်းတပ်ရင်း(၃)သို့ ကျွန်တော် ပြောင်းရွှေ့ခဲ့ရသည်။
၎င်းတပ်ရင်း (၃) ရှိ ကျွန်တော်တို့ တပ်ခွဲနောက်တွင် “ရေကွက်” လေးတစ်ခု ရှိသည်။ ပေ ၂၀ သာသာ လောက် ရှိမည်။ ဘယ်က ဘယ်လို ရေထွက် နေသည် မသိ။ အပြင်ကို လျှံမသွား၊ ရေလည်းခမ်းမသွား ၎င်း “ရေကွက်” လေး၏ ဘေးတွင် သစ်ပင်ကြီးတစ်ပင် ရှိသည်။ ထိုသစ်ပင်ကြီး အောက်တွင် နတ်စင်လိုလို ခပ်ယိုင်နဲ့နဲ့လေး တစ်ခုပြုလုပ်ထားသည်။ ဘယ်သူက လာလုပ်သွားသည်မသိ။ သေချာတာကတော့ ကျွန်တော်တို့ တပ်ရင်း(၃)ကို ပြောင်းရွှေ့မလာခင်ကတည်းက ရှိနေသော နတ်စင် လေးဖြစ်သည်။
ကျွန်တော်တို့ Final year များကတော့ အယုံအကြည် သိပ်မရှိ။ ထမင်းစား တန်းဖြုတ်ပြီး အပေါ့သွားချင်သည် ဆိုပါစို့၊ အိမ်သာသို့ ၀င်မသွားတော့။ ၎င်းရေကွက်၏ အပေါ် လှေကားထစ်မှ “ရေကွက်” ထဲသို့ ကော့ကော့ပန်းကြသည်မှာ အကျင့်လို ဖြစ်နေသည်။ စားရိပ်သာနှင့် လမ်းသင့်၍ လည်းကောင်း၊ “ရေကွက်” ရေမျက်နှာပြင်နဲ့ ရူးရူးတို့ ထိတွေ့သွားသည့် ပလုံစီ အသံလေးကပင် နားထောင်ကောင်းသယောင်၊ ဒီကြားထဲ First year များကို အမှိုက်သွန်ခိုင်းလျှင် စီနီယာ ဗိုလ်လောင်းများ လစ်တာနဲ့ ၎င်းရေကွက်ထဲသို့ ပစ်ချကြသည်။ အမှိုက်ပုံသို့ မသွားကြ။ အမှိုက်ပုံက ဝေးသည်လေ။ ဒီလိုနဲ့ ရေကွက်ကလေးကို လုပ်ချင်သလို လုပ်နေကြရာ တစ်နေ့ တပ်ခွဲမှူးအရာရှိက ကျွန်တော်တို့ Final year များကို လာပြောလေသည်။
“၎င်းအား ညက ပိတ်ဖြူစင်ကြယ်နှင့် အဘိုးကြီးက အိပ်မက်လာပေးကြောင်း သူ့ရဲ့ ရေကွက်ထဲသို့ အမှိုက်တွေ ပစ်ကြောင်း၊ အပေါ့အလေး စွန့်ကြောင်း မင်းလူတွေ မင်းထိန်းလို့ ပြောသွားကြောင်း” ကျွန်တော်တို့ကို အကြားအမြင်ရ ပုဂ္ဂိုလ်တစ်ဦးပုံစံနဲ့ လာပြောလေသည်။ ကျွန်တော်တို့က ပြန်မပြောရဲ၍သာ ငြိမ်နေရသည်။ စစ်သားကို အိပ်မက်အကြောင်း လာပြောတော့ ကျွန်တော်တို့ နားထဲ ကန့်လန့်ကြီး ဖြစ်နေတာ သေချာသည်။ ဒါပေမဲ့လည်း ၎င်းဗိုလ်ကြီး စိတ်ကျေနပ်အောင် First year များ ရေကွက်ထဲသို့ အမှိုက်မပစ်ရန် တင်းကြပ်စွာ အမိန့်ထုတ် ပေးလိုက်ရတော့သည်။
သို့ပေမယ့် စစ်တက္ကသိုလ်မှာ ထိန်းမရဆုံးက Final year များဖြစ်ကြသည်။ ရေကွက်ထဲသို့ အပေါ့မသွားပါနဲ့ တောင်းပန်လည်းမရ၊ အပေါ့သွားမြဲ သွားသည်။ နောက်တပတ်လောက်လည်းကျရော တပ်ခွဲမှူးအရာရှိ ပြန်ရောက်လာပြီး ညက သူ့ကို အိပ်မက်ထဲမှာ လည်ပင်းလာညှစ်ကြောင်းပြောပြီး ပုဆိုးကို ခါးတောင်းကျိုက်၊ ပေါက်တူးတစ်လက်နဲ့ ရေကွက်ထဲဆင်းပြီး သန့်ရှင်းရေး လုပ်နေပါတော့သည်။ သူပြန်တော့ နတ်စင်လေးမှာ ဖယောင်းတိုင်နဲ့ ထမင်းတောင် ကပ်သွားလိုက်သေးသည်။ ၎င်းတပ်ခွဲမှူးကို ဘယ်လို ယုံကြည်ရမှန်းမသိ၊ စိတ္တဇဖြစ်နေပြီလားလို့တောင် ထင်လိုက်မိသည်။
ဒါပေမဲ့ ၎င်းအရာရှိ ကတော့ အပတ်စဉ်ပုံမှန် ၎င်းရေကွက်ကို သန့်ရှင်းရေးလာလုပ်သည်။ ကျွန်တော်တို့ ကတော့ နေ့စဉ်မှန်မှန် ရေကွက်ထဲ အပေါ့သွားသည်။ ဒီလိုနဲ့ တစ်ည First year ခန်းဘက်မှ ဆူဆူညံညံ အသံများ ကြားလိုက်ရသည်။ စစ်တက္ကသိုလ်တွင် ဂျူနီယာများ ဤကဲ့သို့ ဆူဆူ ညံညံလုပ်ဖို့ နေနေသာသာ စီနီယာရှေ့တွင် စကားပင် ပြောခွင့်မရှိ၊ ကျွန်တော်တို့ စိတ်အရမ်းတိုသွားသည်။
ဒါနဲ့ Final year ဗိုလ်လောင်းတွေ First year အခန်းထဲ ချက်ချင်း ထလိုက်ကြသည်။ First year က ပထမဆုံး ၀င်လာတဲ့ ဗိုလ်လောင်းတပ်ခွဲမှူးကို ပြေးထိုးပါတော့သည်။ ဗိုလ်လောင်းတပ်ခွဲမှူးခမျာ ဖင်ထိုင်ပါကျသည်။ ကျွန်တော်တို့လည်း စိတ်အရမ်းတိုကာ ၎င်း First year ဆီ ပြေးအ၀င်၊ ၎င်း First year ကလည်း တစ်ယောက်ပြီး တစ်ယောက် ဆင့်ဆင့်ထိုးလိုက်တာ အကုန်လုံး အကွဲကွဲ အ ပြဲပြဲ ဖြစ်ကုန်သည်။
အဲ့ဒီ First year ကို Second year ၁၀ယောက်လောက် ၀ိုင်းချုပ်တာတောင် ထိန်းလို့ သိမ်းလို့မရ၊ နောက်အသံနက် ကြီးနဲ့ ထအော်တော့သည်။ “မင်းတို့ အရာရှိကို သွားခေါ်တဲ့” ကျွန်တော်တို့လည်း အခြေအနေ မဟန်တာနဲ့ တပ်ခွဲမှူးအရာရှိကို သွားပြေးခေါ်ရသည်။ တပ်ခွဲမှူးအရာရှိရောက်လာပြီး သောင်းကျန်းနေတဲ့ First year ကို မြင်တယ်ဆိုရင်ဘဲ ချက်ချင်း လှည့်ပြေးပြီး တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်နိုင်ကို ပြေးခေါ်ပါတော့သည်။ သိပ်မကြာလိုက် တပ်ရင်းမှူး ရောက်ချလာသည်။ တပ်ရင်းမှူး ရောက်လာသည်အထိ First year ရဲ့ အခြေအနေကို မထိန်းသိမ်းနိုင်သေး။ ရုန်းရင်းဆန်ခတ် ဖြစ်နေဆဲပင်။
တပ်ရင်းမှူးကို မြင်သည်နှင့် First year က “ဟေ့ကောင်တွေ မင်းတို့ဟာက မလွန်ဘူးလားကွ ဟင်.. ငါ့ဘာသာငါ ဟိုဘက်မှာ နေတယ်” ဆိုပြီး လက်ညိုးလှမ်းထိုးပြတဲ့နေရာက ယခင်တောအုပ်ကြီးကို ရှင်းပြီး ဆောက်လုပ်ထားသောတပ်ရင်း(၂)၊ ပြီးတော့ ဆက်အော်ပြန်သည်။“မင်းတို့ရွှေ့ ဆိုလို့ ဒီဘက်ရွှေ့လာပြီးပြီ။ တခါထပ်ပြီး ကျူးကျော်လာပြန်ရော၊ တစ်ကောင်မှ လေးစားမှု မရှိဘူး၊ ငါ့ကို နေရာတစ်နေရာစာ အမြန်ပေးစမ်း” ဆိုပြီး အသံနက်ကြီးနဲ့ အားရပါးရ အော်ကာ ရပ်သွားတော့သည်။ အပ မီသလိုလို ဖြစ်နေသော First year လည်း အရုပ်ကြိုးပြတ် လဲကျသွားသည်။ ကျွန်တော်တို့မှာ အပမီသည်ဆိုလို့သာ သီးခံလိုက်ရသည်၊ ၎င်း First year ထိုးထည့်လိုက်သော ဗိုလ်လောင်းများမနဲ။
နောက်နေ့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်နိုင် ကိုယ်တိုင် ပြန်တမ်းစာတခု ယူလာပြီး တပ်ခွဲ အနောက်ဘက်ရှိ အပင်က ရုက္ခစိုးကို အနောက်ဘက်က တောအုပ်ထဲသို့ ရွှေ့ပေးလိုက်ရသည်။
အဲဒီအဖြစ်အပျက်ကလေးသည် စစ်တက္ကသိုလ်တွင် အမှန်တကယ် ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ ဤဖြစ်စဉ်နှင့်တဆက်တည်း ရာဇ၀င်လေးတစ်ခုကို ပြောပြချင်သည်။ အနော်ရထာမင်းကြီး ဘုန်းတန်ခိုး လွန်စွာ ထက်မြက်နေသော အချိန်က သစ်ပင်စောင့် ရုက္ခစိုး နတ်တစ်ပါးကို ကျိန်ဖြင့် ရိုက်၍ အပြစ်ပေးဖူးသည် ဟူ၏။ အကြောင်းက အနော်ရထာမင်းကြီး တိုင်းခန်းလှည့်လည်လာစဉ် သစ်ပင်စောင့်ရုက္ခစိုးက ခရီးဦးကြိုမပြု ဘဲ နေခဲ့သောကြောင့် ဟုဆို၏။
သို့ပေမဲ့ အနော်ရထာ ဘုန်းတန်ခိုး အာဏာယုတ်လျော့ လာသောအခါ ၎င်းကိုယ်တိုင် ကျိန်ဖြင့် ရိုက်၍ အပြစ်ပေးခဲ့သော ရုက္ခစိုးက ကျွဲယောင် ဖန်ဆင်း၍ အနော်ရထာမင်းအား ရန်ငြိုးထား ဝှေ့သတ်ခဲ့သည်ဟု ရာဇ၀င်များတွင် ကြားဖူး လေသည်။( ပါးစပ်ရာဇ၀င် ဖြစ်ကောင်း ဖြစ်နိုင်ပါသည်)
၎င်းရာဇ၀င်လေးနှင့်ဆက်စပ်စွာ ယနေ့စစ်အာဏာရှင် လူတစ်စုသည် ဘုန်းတန်ခိုး အာဏာ အမြင့်ဆုံး အချိန်ကို ရောက်ရှိနေသည်မှာ သေချာလှသည်။ သို့သော်လည်း ကျွဲဝှေ့ခံရဖို့ အချိန်ကလည်း တဖြည်းဖြည်း နီးလာပြီ ဆိုတာကိုလည်း စေတနာရှေ့ထား၍ သတိပေး နှိုးဆော်လိုက်ရခြင်း ဖြစ်ပါတော့သည်။
(စာကြွင်း။ ။ ကျွန်တော်တို့ စစ်တက္ကသိုလ်မှ ကျောင်းဆင်းပြီး ဘွဲ့လွန်သင်တန်း တက်ရန် ပြင်ဦးလွင်သို့ ပြန်ရောက်သောအခါ ကျွန်တော်တို့ တပ်ခွဲနောက်မှ ရုက္ခစိုးအား နေရာရွေ့ပေးခဲ့သော တောအုပ်ကြီးတွင် တပ်ရင်းအသစ်တစ်ခု တိုးချဲ့နေသည်ကို တွေ့ခဲ့ ရပါသည်။)
http://www.photayokeking.org/ ကိုဖိုးတရုပ် အင်တာနက်စာမျက်နှာမှ ကူးယူ သိမ်းဆည်းပါသည်။
ကျနော်စစ်သား စဉ်းစားသည်
authentic-leaderစစ်တပ်ထဲက တပ်တွင်းအချုပ်တွင် ချုပ်သွင်းထားသော အချုပ်သားကို လူတစ်ယောက်က ခိုးကြောင်ခိုးဝှက် လာတွေ့သည်။ လက်ရှိ ဥပဒေအရ အချုပ် ခံထားရသူသည်သာ အပြစ်ရှိသူ ဖြစ်နေသည် ဆိုလျှင် လက်ရှိ စစ်ထောင် အသီးသီးရှိ အချုပ်ခံ စစ်သားတို့ကို လွတ်မြောက်အောင် ၀ိုင်းကူညီကြမည်။ ကူညီသူများကို မိလျှင်လည်း ချုပ်ခံနေရသော အချုပ်သားမှာသာ အပြစ်ရှိမည်။ ကူညီသူ သွားတွေ့သူမှာ အပြစ် မရှိနိုင်ပေဟု ထပ်တူပုံတူ ကူးသော အတွေးဖြင့် ကိုယ်ချင်းစာ တွေးနေမိသည်။ ထို့ပြင် ဗဟိုကင်းတို့ ဘာတို့ အစောင့်တို့လည်း လုံးဝ အပြစ်မရှိ၊ ဒီလို သဘောလား၊ တွေးကြည့်ပါကုန်။
မနှစ်တုန်းက ဖြစ်ခဲ့သော အလားတူဖြစ်စဉ်မျိုးကို အချုပ်နှောင်ခံ အကျဉ်းစံက တိုင်တန်းသတင်းပို့ချက် ပြုပါရက်ကယ်နဲ့ မသိကျိုးကျွံပြုထားပြီး ယခုနှစ် အလားတူ ဖြစ်လာသော အခါကျမှ ကြီးကျယ်သော ပြစ်မှုကြီး ဖြစ်လေဟန် ရုပ်လုံးဖေါ်ခြင်းသည် တရားမျှတခြင်း ရှိပါရဲ့လား။ ထောင်ချောက်လေလား။ လုပ်ကွက်ဇာတ်လမ်း ဆင်တာလေလား။ လုပ်ကြံဖန်တီးချက်လား။ လေလားတွေ များပြီးေ၀၀ါးလာလေရဲ့၊ ဖမ်းလည်း ဖမ်းထားသေး။ ထိတွေ့ဆက်ဆံမှု အားလုံးကိုလည်း ဖြတ်တောက် ထားသေး။ မရှက်သော ယက်တော မြက်လျောလို ခိုးဝင်လာလို့ အကျဉ်းစံ မဟာလူသားက တိုင်ကြားသတင်းပို့ရန် ကြံကာရှိသေး။ တစ်ဦးတည်းသော ထိတွေ့ခွင့်ရရာ ဆေးဆရာဝန်ကို လုံခြုံရေး တာဝန်ခံ ဆိုသူတွေက ဆည်ပေါက်ဝ ဗျိုင်းစောင့် ဖမ်းသလို ပိတ်ဖမ်းပြီး အဆက်သွယ် ဖြတ်လိုက်ပြန်သေး။ ပြီးတော့ အနှောင်စံ အမျိုးသမီး အထီးကျန် အကျဉ်းစံ သုံးဦးကို ဘယ်သူကိုမှ သတင်းမပို့လို့တဲ့ ။ တရားချက်ကွာ။ တောက် ….
ဟော …
အခု အမှုတွေ စစ်သတဲ့။ တရားတွေ စွဲသတဲ့။ ဖြစ်စဉ်တွေ တသီကြီးနဲ့ စွဲချက်တွေ တင်သတဲ့။ အဲဒီဖြစ်စဉ်စွဲချက်တွေထဲ အကျဉ်းစံ မဟာ လူသားတို့ကို မလှုပ်မပြေးနိုင်အောင် ပတ်လည်ကာကွယ်စောင့်ကြည့် တာဝန်ယူရတဲ့ လုံခြုံရေး ဆိုသူ တာဝန်ရှိသူတွေကျ တခွန်းမှ မဟ။ တစမှ မဖေါ်။ ပေါ်လာမှာတောင် ကြောက်နေဟန်နဲ့ ရေငုံရယ်တဲ့မှ နှုတ်ပိတ်။ ဒါကြောင့်လည်း တရားသူကြီးဆိုတဲ့ ဘက်လိုက်တော်သားကြီး အိမ်ကို ဂဲ နဲ့ အထုခံရတာ .. နည်းတောင် နည်းသေး။
ကျုပ် စစ်သားသာ အဲဒီ မတရားသူကြီး ဆိုသူနဲ့ အိမ်ချင်းနီးနေရင် မီးတောင် တင်ရှို့ပစ်မယ် မှတ်။ ဒီလောက်တောင် ပေါ်တင်ကြီး ညစ်ပတ်နေမှန်း သိရက် တရားသူကြီးဆိုတဲ့ နာမည်ခံရဲတဲ့ ကောင်။ ၀တ်လုံနက်ကြီး ၀တ်ရဲတဲ့ကောင်။ ဒါလား တရားမျှတမှုကို ဖေါ်ဆောင် စီရင်မယ့် တရားသူကြီးလားကွ ဆိုပြီး ငတို့ ရှေ့တန်းမှာ မိုင်းထောင် လူသတ် မုဒိမ်းကျင့် တရားခံမိရင် စစ်ဆင်ရေးကာလ အပြစ်ပေး နည်းကားနဲ့ လည်ပင်း ၀ါးကြောလှီးသတ် သလိုတောင် သတ်ချင်မိသေး။
တရားမျှတမှု ဆိုတာတွေ ငတို့ လူနေမှု စနစ်ထဲ မရှိတော့ရင် ငတို့လည်း လူသားချင်းစာနာတယ် ဆိုတဲ့ ထောက်ထားစာနာမှုကို ခနခေတ္တတော့ ဘေးဖယ်ထားရကောင်း ထားရနိုင်တယ်။ ဥပဒေမဲ့ လုပ်ရပ်တွေ လုပ်နေတဲ့ ဒီလို ဥပဒေ ဘက်တော်သား ဆိုသူကို ဥပဒေ စီရင်ထုံးတွေ တည်ဆောက်ပြီး စီရင်စွဲချက်တင် နေလို့ မဖြစ်နိုင်ဘူး။ ပြတ်ပြတ်ဘဲ ရှင်းစရာ ရှိတော့မယ်။
နောက်ပြီး ..
ပြစ်ချက်တွေ တစ်ခုပြီးတစ်ခုနဲ့ စွဲချက်တင်။ အကြောင်းပြချက် အမျိုးမျိုးနဲ့ ခေါင်းစဉ်တပ်။ နည်းအမျိုးမျိုးနဲ့ ဖမ်းဆီးချုပ်နှောင်ခဲ့တာ နှစ်ပေါင်းလည်း မနည်းတော့ဘူး။ ဒါတောင်မှ ခုတခါ ဖမ်းရတာဟာ မဖမ်းချင်ဘဲ ဖမ်းရတာပါတဲ့။ လွှတ်တော့မယ့် ဆဲဆဲ။ အခုလို မြက်လျော ယက်တောကို လက်ခံတွေ့ဆုံခဲ့လို့ မဖမ်းချင်ဘဲ ဖမ်းရတာတဲ့ ။
ငါစစ်သားနဲ့ အဲဒီစကားပြောတဲ့ ရဲချုပ်ဆိုသူ သက်ကြားအို ဗိုက်ရွှဲ စစ်ဓါးမြဗိုလ်ချုပ် နှစ်ယောက်ချင်းယှဉ်ပြီး ဘယ်ကောင် တိုင်းပြည်ကို ပိုချစ်သလဲ ။ ဘယ်ကောင် မှန်သလဲ မှားသလဲ။ လက်ရုံးရည် နှလုံးရည် ဘယ်သူ ပြည့်သလဲ အများ ပြည်သူလူထုရှေ့ ပြိုင်လိုက်ချင် စမ်းပါဘိ။
ဟော အခုကြည့် စွပ်စွဲခံရသူ ဘက်က ထိမိခိုင်မာတဲ့ ထွက်ဆိုခြေပချက်တွေလည်း ပေးလိုက်ရော။ အဓမ္မသမားတွေ ရုံးချိန်းရွှေ့တယ် ဆိုပြီး ဆင်ကြံကြံဖို့ အချိန်ယူတော့တာပဲ။ စဉ်းစားတတ် သူတိုင်း သိနေတာဘဲ။
unjustifiedလွှတ်ရက်စေ့လို့ မဖြစ်မနေ လွှတ်ရတော့မယ့် ခေါင်းဆောင် တစ်ယောက်။ ဒီခေါင်းဆောင်က ညွှန်ကြားရင် တာဝန်ပေးရင် ဘာမဆို လုပ်မယ့် ငတ်မွတ်ဆင်းရဲနေတဲ့ လူထုကြီးက တလှုပ်လှုပ်။ တိုင်းပြည်က ဖွတ်ကျောထက်က ဂျွတ်ပွေးသာသာ အခွံပဲကျန်ပြီ။ လူတွေ အချင်းချင်း အမွဲပြိုင်ရင်တောင် လူတိုင်းဟာ ပထမ ဆုချည်းဘဲချိတ်မယ်။ အမွဲဆုံး ဆုတွေ လူတိုင်းကို ပေးပါဆိုရင် ခြေလျှင် ခြေမြန်တပ်ရင်းက ကျုပ်တပည့် ရဲဘော် အကြပ်တွေ စစ်သည်တွေ ထိပ်ဆုံးက ပါမှာ အသေအချာပဲ။ သူတို့လည်း ငမွဲပဲ။ မမွဲတဲ့ လက်နက်ကိုင်တပ်ဆိုလို့ မြို့ပြက စစ်မလိုင်တပ်တွေ။ အပါးတော်မြဲ လုံခြုံရေး တပ်တွေ။ ကိုယ်ရံတော် တပ်တွေသာ အခွင့်အရေးတွေ တပြုံတမကြီးနဲ့ စည်းစိမ်ခံ ယစ်မူးနေနိုင်တာ။ အားလုံး သိနေကြတာဘဲ။
ဒီကနေ့ ဖြစ်နေတဲ့ တိုင်းပြည်အခြေအနေကို ပြည်သူတိုင်း စိတ်ပါဝင်စားနေကြသလို တပ်ထဲက ကျုပ်တို့ စစ်သားတွေလည်း တမျှော်မျှော်ဆိုတာ အသိပေးလိုက်မယ်။ ကျုပ်တို့လည်း ပဒေသာရာဇ် စစ်ကျွန် ဘ၀က လွတ်ချင်တာမှ အရူးတပိုင်းဆိုတာ ပြည်သူတွေ သိစေချင်တယ်။
မနက်ဖြန် ဘာဖြစ်မယ် အသေချာ မတွေးနိုင်။ ဆင်းရဲလိုက်တာမှ လည်း တာတေလံ။
ဒီကြားထဲ အခွန်က ဖိစီး။ ကုန်ဈေးနှုန်းက ဖိစီး။ ရာသီဥတု ဖေါက်ပြန်မှုက ဖိစီး။ အာဏာပိုင် အောက်ခြေ အဆင့်ဆင့်က ဖိစီး၊ခွေးကျွန် အတွေးရှိသူတွေက ဒီစာတွေ ဖတ်ပြီး လေထွားတဲ့ ကောင်လို့ ဆိုချင်ဆိုမယ်။ အများပြည်သူရှေ့ လွတ်လပ်တဲ့ စောင့်ကြည့်တဲ့ တရားစီရင်ခွင့်သာ ပေးလိုက်စမ်းပါ။ ငါပြောသလို ဘယ်သူက စစ်သား ပီသ သလဲ ခေါင်းမော့ ရင်ကော့ပြီး ပြိုင်ရဲတယ်။
တကယ်တမ်းသာ ပြည်သူကို ကာကွယ်စောင့်ရှောက်တဲ့ စစ်သားမှန်ရင် ပြည်သူ့အနာဂတ်ကို ထိပါးလာတဲ့ လုပ်ရပ် မှန်သမျှကို လက်မခံရဘူး။ ပြည်သူကို ခြိမ်းခြောက်လာတဲ့ ဖိစီးမှုမှန်သမျှကို လက်မခံရဘူး။ ပြည်သူတရပ်လုံးနဲ့ ယှဉ်တဲ့ တရားဥပဒေ ပျက်ယွင်း မိုက်မဲမှု လုပ်ရပ်တွေကို သိနေ မြင်နေ ကြားနေ တွေ့နေပါရက် ခေါင်းလွှဲ မျက်လုံးလွှဲနေရင်………..
ဟေ့ …… ပြည်သူတွေ ချွေးနည်းစာကနေ ပေးတဲ့ အခွန်ငွေနဲ့ စစ်သားရိက္ခာ စစ်သားလစာစားပြီး ပြည်သူလူထုအကျိုးကို မကြည့်တဲ့ ငမိုက်သားတွေပဲ ဖြစ်လိမ့်မယ်။
ပြည်သူ့မျက်နှာ ပြည်သူ့ အနာဂတ်၊ ပြည်သူ့ ခံစားချက်ကို မျက်ကွယ်ပြုပြီး ငါ့တကိုယ်အကျိုး ငါ့အခွင့်အရေး၊ ငါ့ရာထူး ဆိုတာကိုပဲ တွက်ချက် တုံ့ဆိုင်း မှုန်မှိုင်းနေအုံးမယ် ဆိုရင် ဒီမှာ ကိုယ့်လူတို့….
ကိုယ့်သခင် ထင်ရာစိုင်းသမျှ နောက်က တကောက်ကောက်လိုက် တဟဲဟဲ ပါးစပ်တဖြဲဖြဲ၊ တနှဲ့နှဲ့ ကောက်သောအမြီး တရှုးရှုးနဲ့ သခင်ညွှန်ရာ အမဲကောင်နောက် ဂမူးရူးထိုး လိုက်ဟောင်တတ်တဲ့ အမဲလိုက် ခွေးတွေ မြင်ဖူးသလား။ တွေးကြည့်စမ်း။
သူတို့က သူ့သခင် ကျွေးမယ့် အမဲတစ်တုံး အရိုးတစ်ချောင်းကိုပဲ မြင်တတ်ကြတာ။ အရိုးတစ်ချောင်း အသား တစ်တုံးနဲ့ သဏ္ဍာန်တူတဲ့ ကားပါမစ် တစ်ခု တဆင့်တိုး ရာထူးလေး တစ်နေရာ။ မြေကွက်ပါမစ် ဖုန်းပါမစ်လေး တစ်စောင်၊ ဘဏ်စုငွေ ကိုယ့်ပိုက်ဆံလေး ပြန်ထုတ်ခွင့် ဆိုတဲ့ အခွင့်အရေး ၊ခွေးလှေးဖုံ လောက် ခံစားခွင့်လေး မက်လုံးပေးလို့ ကိုယ်ကတော့ လေးချောင်းထောက်ရတဲ့ ဘ၀မျိုး ပြောင်း မသွားစေနဲ့ဟေ့ …
ဒီမယ်…. ဒီစကားပြောနေတဲ့ကျုပ်…. အရပ်သား မဟုတ်ဘူး။ စစ်ဝတ်ယူနီဖေါင်းကို စမတ်ကျကျဝတ်။ ခေါင်းမော့ရင်ကော့ပြီး ပြည်သူ့ ကောင်းကျိုးအတွက်ဆို အရာရာ တွေးကြံပြုမူဖို့ အသင့်ဖြစ်နေခဲ့တဲ့ စစ်သားဟောင်း တစ်ယောက်ပဲ။
စစ်သားဆိုတာ ပြည်သူကို ကာကွယ်စောင့်ရှောက်ရေးတာဝန်၊ ဒီအတွက်ဆို အသက်ကို ရဲရဲစွန့်နိုင်ဖို့ စိတ်ပိုင်းဖြတ်ထားသူမှ စစ်သားဖြစ်တယ်။ စစ်သား စစ်မယ်။ စစ်သားလို့ ကြွေးကြော်နိုင်တယ်။
အခု ငါပြောနေတာကလည်း ပြည်သူ့အကျိုး နိုင်ငံ့ အကျိုးအတွက်ပဲ ဖြစ်လို့ ငါ စစ်သားစိတ်နဲ့ ပြောမယ်။ ငါတို့ စစ်သားတွေ စစ်ကျွန်မဟုတ်ဘူး။ စစ်ခွေးလို့ စွပ်စွဲခံနေရတဲ့ ခိုင်းရာလုပ် ဘ၀က ရုန်းထွက်ကြ….
ငါတို့ စစ်သားဆိုတာ ပြည်သူပေးတဲ့ အခွန်ငွေ လစာကို စား၊ ပြည်သူအကျိုးကို ဆောင်ပါမယ်၊ ပြည်သူကို ကာကွယ်ပါမယ်လို့ နေ့စဉ် သစ္စာတွေ ရွတ်နေရတာ။ သစ္စာတည်အောင် ကြိုးပမ်းဖို့ လိုတယ်။ ကတိတည်အောင် လုပ်ကြဖို့ လိုတယ်။ ဒါမှ မဟုတ်ရင် သစ္စာစူးလိမ့်မယ်။ သစ္စာစူးမှာ မကြောက် ငရဲချိုးကပ်မှာ မကြောက် သခင်အလို တစ်ခုသာ ကြည့်ပြီး ဘယ်သူ့ ကိုက်ရကိုက်ရ ဘယ်သူ့ကို ပစ်သတ်ရ သတ်ရ လုပ်နေ သတ်နေတဲ့ လက်ရဲဇက်ရဲ လက်နက်ကိုင် တပ်ဖွဲ့ဝင် မှန်သမျှကို ပြည်သူ့စစ်သား စစ်စစ်တွေက တိုက်ထုတ်ရမယ့် တာဝန်ရှိတယ်။
လက်နက်မဲ့ အကြမ်းမဖက် ကျောင်းသား၊ ရဟန်း၊ လူထု ပြည်သူကို သွေးအေးအေးနဲ့ ပစ်သတ်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေ အမိန့်ပေး စေခိုင်းသူတွေ အားလုံးဟာ ပြည်သူ့ ရန်သူပဲ။ ပြည်သူ့ စစ်သားတို့ရဲ့  ရန်သူပဲလို့ ငါတို့ ခံယူတယ်။ ယုံကြည်တယ်။
ငါတို့ နိုင်ငံ ဒီကနေ့ ဘာတွေ ဖြစ်နေသလဲ။ ငါတို့ မြင်အောင် ကြည့်ကြရမယ်။ သိအောင် ကျင့်ကြရမယ်။
တရားမျှတမှုဆိုတာရဲ့ အဓိပ္ပါယ်ဆိုတာကို ငါတို့ ဘယ်လို နားလည်ခံယူရမှာလဲ။ ဘယ်လို တည်ဆောက်ကြမှာလဲ။ သိသိကြီးနဲ့ ဗြောင်ကျကျကြီး အလိမ်ခံနေခဲ့တယ်ဆိုတဲ့ လူ့သမိုင်းစဉ်ကို ဒို့မြန်မာ တိုင်းရင်းသားတွေ ရေးခဲ့ကြမှာလား။
အလိမ်ခံခဲ့ရတယ် ဆိုတာထက် လူလိုသတ္တိ မမွေးရဲခဲ့လို့ မျိုးရိုးနဲ့ချီပြီး အောက်တန်းသိပ်ကျခဲ့ရတယ် ဆိုတဲ့ သမိုင်း အမွေဆိုး ကျန်နေခဲ့မှာကိုပဲ သိပ်စိုးထိတ် မိတယ်။
ငါတို့ လူဖြစ်ရင် လူပီသရမယ်။ စစ်သားဖြစ်ရင် စစ်သား ပီသရမယ်။ ကိုယ်ဖြစ်တဲ့ ဇာတ်ရုပ်ကို ကိုယ်ကမှ ပီပြင်အောင် မက နိုင်ခဲ့ဖူးဆိုရင် အရိုးတွေ တွန်ချိန်မှ “က” ကြမှာလား၊ သေနှင့်ပြီးတဲ့ ရှေးမြန်မာ သူရဲကောင်းတွေ စိတ်ချ နေနိုင်အောင် ဒို့တွေ မြန်မာ ပီသမှ ရမယ်။ မြန်မာဆိုတာ မျိုးရိုးနဲ့ ချီပြီး သတ္တိ၊ ဗျတ္တိ ရှိခဲ့တယ်လို့ ကမ္ဘာ့ သမိုင်းမှာ မှတ်တမ်းဝင်ခဲ့တယ်။
ဒါကို ဒို့ခေတ်ကျမှ ခြေနဲ့ ဖျက်ကြတော့ မှာလား။ စစ်သားတို့ စဉ်းစား။ နိုင်ငံသားတို့ စဉ်းစား။ မျိုးဆက်သစ်တွေ စဉ်းစား။ ဟေ့ အွန်လိုင်းပေါ်မှာ တိုက်နေယုံနဲ့ မြန်မာပြည် လွတ်လပ်မလာဘူး ဆိုတာ လက်ခံတယ်။ ဒါပေမယ့် လူမှု ကူးလူးဆက်သွယ်ရေး၊ စိတ်ဓါတ်ပေါင်းကူး တည်ဆောက်ရေး အတွက် အင်တာနက် ကွန်ယက်ကသာ ယနေ့ အထိရောက်ဆုံး ဖြစ်နေလို့ ခေတ်အခြေအနေအရ အွန်လိုင်းမှာ ရေးရတာပဲ။ ရေးကို ရေးရမှာဘဲ။
ကျနော် ရန်ကုန်မှာ နေပါတယ်။ နိုင်ငံရေး ဒုက္ခသည် မဟုတ်ပါ။ ဒေါ်လာ လက်ဖြန့် တောင်းနေသူလည်း မဟုတ်။ စည်းလုံးညီညွတ်ရေး တိုးတက်ရေး ငြိမ်းချမ်းရေး အတွက် ဘယ်လို လူမျိုးနဲ့ မဆို ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိနေတဲ့ မျိုးချစ်စစ်သားဟောင်း တစ်ယောက်ပါ။
ပြီးတော့ တပ်မတော်ကို ချစ်တယ်။
ကိုယ့်တိုင်းပြည်ကို ချစ်တယ်။
အထက်ပါ စာမူအား တင်ပြခဲ့တဲ့ နေ့ရက်ကတော့ Monday, June 15th, 2009 ဖြစ်ပြီး အချိန် 2:00 am မှာ ဖြစ်ပါတယ်။ ဒီ စာမူရဲ့  အမျိုးအစား ကတော့ တိုက်တွန်းပြောကြားခြင်း ဖြစ်ပါတယ်။ သင့်အနေနဲ့ သဘောအမြင် အယူအဆများကို ပေးသွားလို့ ရပါတယ်။ ယခုလို အားပေး ကြည့်ရှုတဲ့ အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျား။
ကhttp://www.photayokeking.org/ ကိုဖိုးတရုပ် အင်တာနက်စာမျက်နှာမှ ကူးယူတင်ပြပါတယ်
Rest of your post